this site the web

အချစ်ဆိုသည်မှာ





အချစ်မှာ အချိန်၊ အကွာအဝေး၊ နေရာဒေသ၊ လူမျိုး၊ ဘာသာ ကန့်သတ်မှု မရှိပါဘူး...။

(၅) နှစ် အရွယ်တုန်းက ငါ နင့်ကို ချစ်တယ် လို့ ပြောတယ်။
နင် ခေါင်းကို ငဲ့ပြီး မျက်လုံးဝိုင်းလေးကို ပုတ်ခတ်ရင်း အဲဒါ
ဘာအဓိပ္ပါယ်လည်း လို့ ငါ့ကို မေးခဲ့တယ်။

(၁၅) နှစ် အရွယ်တုန်းက ငါ နင့်ကို ချစ်တယ်လို့ ပြောတယ်။
အကျီ အနားစကို အဓိပ္ပါယ်မဲ့ လုံးချေ ကစားရင်း ခေါင်းလေးကို ငုံ့လို့
ရှက်သွေးတွေ ဖြာပြီး နင် ပြုံးနေခဲ့တယ်။

(၂၀) နှစ် အရွယ်တုန်းက ငါ နင့်ကို ချစ်တယ်လို့ ပြောတယ်။
ငါ့ ပုခုံးထက်မှာ ခေါင်းလေးကို မှီပြီး ငါ ပျောက်ကွယ်သွားမျာ စိုးတဲ့အလား
ငါ့လက်မောင်းကို နင် တင်းတင်း လေး ဖက်ထားခဲ့တယ်။

(၂၅)နှစ် အရွယ်တုန်းက ငါ နင့်ကို ချစ်တယ်လို့ ပြောခဲ့တယ်။
မနက်စာကို ပြင်ဆင်ရင်း ငါ့နဖူးကို တစ်ချက်နမ်းပြီး "သိပါတယ်... ထပါတော့
လူပျင်းလေးရယ်" လို့ ချစ်စနိုးနဲ့ နင် ပြောခဲ့တယ်။

(၃၀) နှစ် အရွယ်တုန်းက ငါ နင့်ကို ချစ်တယ်လို့ ပြောခဲ့တယ်။
"တစ်ကယ်ချစ်ရင် ရုံးဆင်းချိန် လျှောက်မလည်နဲ့၊ မှာတဲ့ ပစ္စည်းတွေ ကိုလည်း
ဝယ်ခဲ့ဖို့ မမေ့နဲ့" လို့ နင် ရယ် ပြီး ပြောခဲ့တယ်။

(၄၀) နှစ် အရွယ်တုန်းက ငါ နင့်ကို ချစ်တယ်လို့ ပြောခဲ့တယ်။
ပန်းကန်တွေ သိမ်းရင်း "ကောင်းပါပြီ.. ကလေးတွေကို စာပြလိုက်ပါဦး" လို့ နင်
စိတ်မရှည်စွာ ပြောခဲ့တယ်။

(၅၀) အရွယ်တုန်းက ငါ နင့်ကို ချစ်တယ်လို့ ပြောခဲ့တယ်။
သိုးမွှေးချည် ထိုးရင်း "တစ်ကယ်လား... နင့်စိတ်ထဲမှာ ငါ့ကို စောစော
သေစေချင်နေတယ် မဟုတ်လား" လို့ ပြောပြီး တခစ်ခစ်နဲ့ နင် ရယ်ခဲ့တယ်။

(၆၀) အရွယ်တုန်းက ငါ နင့်ကို ချစ်တယ်လို့ ပြောတယ်။
ငါ့လက်မောင်းကို တစ်ချက်ထုရင်း "အဘိုးကြီး... မြေးတွေတောင် ကြီးနေပြီ
အပြောက မက်တုန်း" လို့ ပြောခဲ့တယ်။

(၇၀) အရွယ်တုန်းက မျက်မှန်ထူထူကိုတပ် ငါတို့ ခုံပေါ်မှာ အတူတူထိုင်ပြီး
လွန်ခဲ့တဲ့ အနှစ် ၅၀ က ဓါတ်ပုံတွေကို ကြည့်နေခဲ့တယ်။ နင့်ရဲ့
တွန့်ကြေနေတဲ့ လက်ကို ငါ ဆုပ်ကိုင်ရင်း ငါနင့်ကို ချစ်တယ်လို့ ပြောတယ်။
အကြင်နာတွေ ပြည့်နေတဲ့ မျက်လုံးနဲ့ နင်ငါ့ကို ကြည့်နေခဲ့တယ်။
အရစ်ကြောင်းတွေနဲ့ တွန့်ကြေ နေပေမယ့် နင့်မျက်နှာဟာ လှပနေဆဲပါ။

(၈၀) အရွယ်တုန်းက ငါနင့်ကို ချစ်တယ်လို့ ပြောတယ်။
နင် လဲလှောင်းနေတယ်... ငါ ငိုနေတယ်။ နောက်ဆုံး တစ်ခွန်း နင်ပြောခဲ့တယ်။
"ငါ...နင့်...ကို.... ချစ်......တယ်"
ငါ့ဘ၀မှာ အပျော်ဆုံးနဲ့ ၀မ်းအနည်းဆုံး နေ့တစ်နေ့ပါပဲ...။

အချစ်စစ်ဟာ အချိန်ကို ကျော်ဖြတ်တယ်။
အချစ်စစ်ဟာ အကွာအဝေးကို ကျော်ဖြတ်တယ်။
အချစ်စစ်ဟာ နေရာဒေသကို ကျော်ဖြတ်တယ်။

အချစ်ကို တန်ဖိုးထားတတ်ဖို့၊ မြတ်နိုးတတ်ဖို့နဲ့ နားလည်တတ်ဖို့ပဲ လိုပါတယ်...







တစ်ချို့ လည်း ဒီပို့စ်လေးကို ချစ်မိုးညို ရဲ့ VZO ဘလော့က် လေးမှာ ဖတ်ဖူးကြပေလိမ့်မည် ။ ဒီပို့စ်လေးကို ကျွန်တော်အရမ်း နှစ်သက် လို့ ပြန်လည် ဖော်ပြပေးလိုက်ပါတယ် .. ဒီပို့စ်ရဲ့ ပိုင်ရှင်စစ်စစ် ဖြစ်သော ကျွန်တော့် အကိုကြီး ကိုဇောင်းလေး ကို ကျေးဇူး
တင်ပါကြောင်း................


စိမ်းရွက်တို့ကြွေ



အခုချိန်ဆို သူမကို တစ်အိမ်လုံးလိုက်ရှာနေကြတော့မည် ...... အိမ်က တင်းကြပ် ထားတဲ့ကြားထဲက မရမက
ခိုးထွက်လာခဲ့ရတာဟာ ဘဝမှာ ပထမဆုံးအကြိမ်နဲ့ စိတ်လှုပ်ရှားခဲ့ဆုံးသော စွန့်စားခန်းတစ်ခုပါ ။စာရေးချိန်း
ဆိုခဲ့သောနေရာသို့ သူမ အရင်ရောက်နှင့်ခဲ့ပေမယ့် သူမ ချစ်ရသောချစ်သူ က အခုချိန်ထိ သူရောက်မလာ
သေး...... အိချိုကတော့ မနေ့သူမ ပေးခိုင်းလိုက်တဲ့စာကို သူမ၏ချစ်သူ လက်ထဲကိုသေသေချာချာ ထည့်ပေး
လိုက်တယ်ဆိုတဲ့အကြောင်းကို သူမဆီ ဖုန်းဆက်ပြောခဲ့သေးတာပဲ ....

“ သူ သေချာပေါက်လာရမှာပေါ့ .... နှစ်ယောက်စလုံးအတွက် ဒီလောက်အရေး
ကြီးနေတဲ့ အချိန်မှာ တစ်ယောက်ယောက်က ပျက်ကွက်ခဲ့ရင် တစ်ဘဝလုံးစာ
ဝေးရမယ်ဆိုတဲ့ ကိစ္စထက် ဘာကအရေးကြီးအုံးမှာတဲ့လဲ ”နော် ........

ပြိုမယောင် ညိုမှောင်နေတဲ့ မိုးကောင်းကင်ထက် တိမ်လိပ် တိမ်စိုင် တို့သည် ဟိုမှ ဒီသို့ ပြေးလွှားနေကြသည် ။
လေပြင်း တစ်ချက်ချက်ဖြတ်သန်း တိုက်ခတ်သွားတိုင်း လေနှင့်အတူပါလာသော မိုးစက် မိုးပေါက်များသည်
လွင့်ရုံစင်ရုံ မျှဖြင့် သူမ၏ ပင့်သက်ရှိုက်သံ များကိုပင် ပို၍ လှုပ်ခါနိုင်စွမ်း ရှိလေသည်.။ ရင်ခုန်ခြင်း ၊စိတ်လှုပ်
ရှားခြင်းတို့နဲ့အတူ သူမ စိတ်မောစွာ စောင့်မျှော်နေသော ချစ်သူသည် ယခုအချိန်ထိရောက်မလာနိုင်သေးပေ ။
နာရီ စက္ကန့်တံလေးတွေသည် တစ်ရွေ့ရွေ့နှင့်လည်ပတ်နေရင်းအချိန်တွေသည် တစ်နာရီမှ တစ်နာရီသို့ ခုန်
ကျော် ကူးဖြတ်လာခဲ့တော့သည် ။ စိတ်မောစွာ စောင့်မျှော်နေရတဲ့သူတစ်ယောက်အတွက် တစ်နာရီမပြောနဲ့
တစ်စက္ကန့်သည်ပင်လျှင် အသက်ရှု မှားလောက်စေသည် ။သက်ပြင်းအရှည်ကြီး ချရင်း

“ -သူ ဘာကြောင့် အခုချိန်ထိ ရောက်မလာသေးတာလဲ ”
ဟု တွေးရင်း သူမ ဝမ်းနည်းလာမိသည် ။
“ အို....သူအမြန်ရောက်လာနိုင်ပါစေ ”

စိတ်ထဲမှာတော့ အထပ်ထပ်အခါခါ ဆုတောင်းနေမိသည် ။အခုချိန် သူမကို အိမ်က ရှာတွေ့သွားရင်တော့
ဒုက္ခ ။ မချစ်မနှစ်သက်သောသူနဲ့ အတူနေရတဲ့ ဒုက္ခ ၊ ချစ်သောသူနဲ့ ကွေ့ကွင်းရတဲ့ ဒုက္ခဆိုတာကိုတော့ သူမ
ရင်မဆိုင်လိုပေ ။ ကြောက်ရွံ့စိုးရိမ်စိတ်ထက် သိပ်ချစ်ခဲ့ရတဲ့ ချစ်သူနဲ့ တစ်ဘဝလုံးစာ ဝေးသွားခဲ့ရင် ” ဆိုတဲ့
အတွေးကိုလည်း သူမ မတွေးရဲ ။ သို့သော် မလိုအပ်ပဲဦးဏှောက်ထဲ ရောက်ရောက်လာတတ်တဲ့ ထိုအတွေးစ
တွေကို သူမ အကြိမ်ကြိမ်ဆွဲထုတ်ဖို့ ကြိုးစားရင်းကပဲမျက်ဝန်းမှာ မျက်ရည်ခိုးတွေဟာ ပူနွေးပြည့်အိုင် လာပါ
တော့တယ် ။တိမ်မိုးသားမည်းတွေကို သူမ မော့ကြည့်လိုက်သည် ။ သိပ်မကြာခင်မှာ မိုးရွာပေလိမ့်မည်ဟု သူမ
ကောက်ချက်ချလိုက်မိသည် ။ မိုးချုန်းသံကြားရင် ငယ်ငယ်ကတည်းက ကြောက်တတ်ခဲ့သော သူမသည်
ယခုတော့ ထိုအသံများကိုပင် ဂရု မမူမိ ။ လျှပ်စီးများ အကြိမ်ကြိမ်ဝင်းလတ်နေသည့် မိုးကောင်းကင်ကြီး
အောက်၌ တုတ်တုတ်မျှပင်မလှုပ် ။

“ချစ်သူ ....ကိုယ့် ဘဝမှာ မင်းမရှိလို့ မဖြစ်ဘူး ဆိုတာ ယုံပါနော် ” တဲ့ ....။ တစ်စက္ကန့်လေးတောင်
ဝေးလို့ မနေနိုင်ပါဘူးဆိုတဲ့။ မောင်က အခုချိန်ထိ ရောက်မလာနိုင်ခဲ့တာဟာ သိပ်ချစ်လို့ပဲလား “ မောင်”
မနက်ဖြန်ဆိုတဲ့ အချိန်အခါက ကျမရဲ့ ဘဝတစ်ခု ကို “ မောင် ” မဟုတ်တဲ့ တစ်ခြားသော သူတစ်
ယောက်ရဲ့ လက်ထဲကို အပြီးပိုင် ထည့်ပေးလိုက်ရတော့မယ့် မင်္ဂလာပွဲဆိုတာ မောင်မသိတာလား ...
မဖြစ်နိုင်ဘူး.........မောင်သိတယ် ..မောင်လက်ထဲကိုလည်း ကျမရေးပေးလိုက်တဲ့စာ ရောက်တာပဲ ....
သတ္တိ နည်းလှချေလား မောင်ရယ်...

သူမ ဘာဆက်လုပ်ရမလဲ ဆိုတာ မတွေးတတ်တော့ ။ ဝမ်းနည်းလွန်းလို့ ရှိုက်ကြီးတစ်ငင်ငင် ငိုချလိုက်မိရုံကလွဲ
လို့ သူမ ဘာမှ မတတ်နိုင်တော့ ။ယခုဏ က ဖြိုးဖြိုးဖြောက်ဖြောက် လွင့်စင်ရုံလောက်သာ ခက်မှန်မှန် ရွာနေ
သောမိုးသည် အခုတော့လည်းသည်းကြီးမည်းကြီးရွာချလေတော့သည် ။ အချိန်နာရီများသည် မထင်မှတ်
လောက်အောင် မြန်ဆန်စွာ ကုန်လွန်သွားစေခဲ့ပြန် သည် ။အခုတော့လည်း မိုးစက်တွေကြား၌ပင် သူမ၏ မျှော်
လင့်ချက်များ မျောပါ စတေးခံ ပစ်ရတော့မှာပေါ့နော် ။ မိုးသည် ပတ်ဝန်းကျင်ကိုကောင်းစွာ မမြင်ရလောက်
အောင် သည်းသထက် ပို၍ပင် သည်းလာလေတော့သည် ။

သိပ်မကြာလိုက်ပါဘူး ....သူမ ထိုင်နေရာ ခုန်တန်းလေး အနီးရှိ ကတ္တရာ လမ်းသွယ်လေးပေါ်တွင်ကားတစ်စီး
သည် သူမကိုကျော်လွန်းသွားပြီးမှ ရုတ်တရက် ဘရိတ်အုတ်လိုက်သည် ။ မိုးစက်မှားကြားမှာမသဲမကွဲ နှင့်ဘတ်
ဂီယာထိုး၍ နောက်ပြန်စုတ်လာသောကားလေးကို သူမ သေသေခြာခြာစိုက်ကြည့်မိလိုက်သည် ။

“ ဟင် !! ဖေဖေ နဲ့ မေမေ ”

ထွက်ပြေးဖို့ ဆိုတဲ့ အင်းအားလည်း မရှိတော့ ။ အချိန်မှီ ရောက်မလာနိုင်ခဲ့တဲ့ ချစ်သူကိုသာ အပြစ်ဖို့ ရင်းသူမ
ရှိုက်ကြီးတစ်ငင်ငင် ငိုကြွေးနေလေတော့သည် ။ ဝမ်းနည်းခြင်း ၊ ကြေကွဲခြင်း ၊ နာကြည်းခြင်းတွေနဲ့အတူ
ဆောက်တည်၇ာမဲ့ နှလုံးသားတို့သည် တောင်နံရံကြီးများအစိတ်စိတ်အမွှာမွှာကွဲထွက်လွင့်စင် ပြိုကြသလိုပင်
သူမ ခံစားလိုက်ရပါသည် ။ အရာရာသည် သူမအတွက်တော့ အားလုံးပြီးဆုံးသွားစေခဲ့ပြီပေါ့ ။

“ မငိုပါဘူးလေ....ဟုတ်တယ် ..ငိုစရာမှ မလိုအပ်တာ ။ အရာရာအားလုံးဟာ
အစိတ်စိတ်အမွှာမွှာ ပြိုကွဲ ပျက်စီးသွားပြီပဲ ”
“ ဒီအခြေအနေတွေ ရောက်လာခဲ့ ပြီဆိုကတည်းက ဘာတွေဖြစ်လာတော့ မလဲဆိုတာ
ကျမ မပြောလည်း မောင် သိနှင့်နေလောက်ရော ပေါ့ ။ တစ်က္ကန့် လေးတောင် ခွဲမနေနိုင်ပါဘူးလို့
ကျမကို မောင်ပြောခဲ့ဘူးတယ်နော် .... ကျမ ရယ်ချင်လိုက်တာ...မောင် ။ အခုတော့ တစ်သက်စာ
အတွက် ခွဲခွါဖို့ မောင်က အဆုံးအဖြတ်ပေးခဲ့ ပွဲမှာ ကျမတို့နှစ်ယောက် နောင်တ မရကြေးပေါ့နော် ...”

နှင်းဆီရောင် နှုတ်ခမ်းလေးကို ပြတ်မထွက်ရုံတမယ် ကိုက်ထားရင်း

“ နှုတ်ဆတ်ခဲ့ပါတယ် ... “မောင် ” ”

မျက်လုံးအိမ်ထောင့်မှာ ရစ်ဝဲပြည့်အိုင်လာတဲ့ မျက်ရည်စက်များကို မျက်တောင် တဖျပ်ဖျပ် ခတ်လျက် ထိန်း
လိုက်မိသည် ။ ပြီးတော့ သူမ၏ မနီးမဝေး အနားလောက်မှာ အခန့်သင့် ရပ်စောင့်နေသော ကားရှိရာသို့ ကျော
ခိုင်းလှည့်ထွက်လာခဲ့လေတော့သည် ။ သို့သော် မနက်ဖြန် သည် ...သူမဘဝအတွက်တော့ အိပ်မက်ဆိုးတွေ
နဲ့ အတူခြောက်ကပ် ကြေကွဲ စရာစွာနဲ့တည်ရှိနေအုံးမှာပေါ့နော် ။

ကားလေးသည် ထိုနေရာမှ စတင်ထွက်ခွါလာပြီး လှည်းတန်းမီးပွိုင့်သို့ မရောက်မီ တစ်ဘက်လမ်းကြောမှာ လူ
တွေ အုံခဲ ပြွတ်သိပ်နေသည့် မြင်ကွင်းဆီ ကို သူမ သတိထားမိလိုက်သည် ။ အနီးအနား၌ လူနာတင်ယာဉ်
တစ်စင်း ကိုလည်းတွေ့လိုက်ရသည် ။ အဖြူရောင် ရှပ်အင်္ကျီ လက်ရှည် ဝတ်ဆင်ထားတဲ့ ယောက်ျားတစ်
ယောက် မှောက်လျက် အနေအထား သွေးအိုင်ထဲမှာ လဲကျ နေတဲ့ မြင်ကွင်း ....။ ထိုသူသည် ကားတိုက်ခံလိုက်
ခြင်းဖြစ်သည်ဟုသာသူမ ကောက်ချက်ချလိုက်မိသည် ။ မီးပွိုင့် နီနေသောကြောင့် လူအုပ်ကြားထဲကပင် ထို
မြင်ကွင်းကို သူမ မပီပြင်စွာတွေ့လိုက်ရပေမယ့် သူမ ဆက်မကြည့်ချင်တော့ပေ ။ အသည်းငယ်တတ်သူပီပီ
သွေးပျက်ဖွယ်ကောင်းလှတဲ့ အဲ့ဒီမြင်ကွင်းကြောင့် သူမ ခေါင်းကို တစ်ဘက်သို့ လှည့်လိုက်မိသည် ..... မိနစ်
အနည်းငယ်အကြာ မီးပွိုင့် စိမ်းသွား၍ ကားလေးသည် ထိုမြင်ကွင်းကို ကျော်လွန်ကာ မိုးစက်တွေ ကြား၌ပင်
တဖြည်းဖြည်း ပျောက်ကွယ် သွားလေတော့သည် ။

ယခုဏက သွေးအိုင်ထဲမှာ လဲကျနေသူ၏ တိုးတိတ်ညင်သာသော ငိုရှိုက် ငြီးငြူသံတို့ကိုလည်း သူမ ကြားသွား
နိုင်တော့မည် မဟုတ်ပေ ။လက်ထဲ၌ သွေးတို့ စွန်းထင်းပေကျံနေတဲ့ချစ်သူ ချိန်းခဲ့သော အဖြူရောင် စာလေး
တစ်စောင်ကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထား၇င်း

“ ကျွန်တော့် ကို ကူညီကြပါဗျာ ...ကျွန်တော့်ကို သူစောင့်နေလိမ့်မယ် ။သူ့ဆီကိုခေါ်သွားပေးကြ
ပါ ။ ခေါ်သွားပေးကြပါ ...... ”

သွေးဆုတ်ဖြူလျော်လွန်းတဲ့ နှုတ်ခမ်း အစုံ ပြီးတော့ နွမ်းလျပါးလှပ်လွန်းတဲ့ သူ့မျက်မှာ ပေါ်တွင်တော့ ပြင်ထန်း
သော ဒဏ်ရာဒဏ်ချက်များ၏ နာကျင်မှုတို့ထက် မဖြစ်မနေ သူသွားရမယ့် နေရာတစ်ခုကိုသာ နှုတ်မှ တွင်တွင်
ရေရွတ်နေလေသည် ။ သို့သော်ထိုငြီးငြူ သံများသည်လည်း အခိုက်အတန့်ခဏလေး၌ပင် တိုးတိတ်စွာ ပျောက်
ကွယ်ရင်း ခရေနံ့တို့သည်လည်း မိုးစက်တွေကြားမှာ တစ်ချက်ချက် ဝေ့ခနဲ ၊ ဝေ့ခနဲ သင်းပျံ့လာခဲ့သည် ။ သည်း
မဲစွာရွာသော မိုးနှင့် လေတို့ကြောင့် အစိမ်းရင့်ရင့် သစ်စိမ်းရွက်တို့သည်လည်း ကြွေကျလျက်နှင့်ပင် စည်းလုံး
မှုမရှိ ဦးတည်ရာမဲ့စွာဖြင့် ဟိုမှ သည်သို့ ပြေးလွှား ပြန့်ကြဲလျက် ရှိနေတော့သည် ။ ယခုဏက ငြီးငြူသံတို့လည်း
မိုးစက်တို့၏ကြားထဲ၌ပင် တိုးတိတ်စွာပျောက်ကွယ် သွားခဲ့ရပြီး ငြိမ်သက်စွာ လှဲလျောင်းအိပ်စက်သွားသူရဲ့
မျက်ခွံကြားမှာတော့ မျက်ရည်စက်လေးတစ်စက် လိမ့်ဆင်း လာပါသည် ။ အားအင်ကုန်ခမ်းလို့ နွမ်းလျနေတဲ့
ထိုသူ၏ ခန္ဓာကိုယ်ထဲက ဝိညာဏ်လေးဟာ ဘယ်ဆီကိုများ ချိုးဖျက်ထွက်ပြေးသွားခဲ့ပြီ်လဲ ။ နောက်ဆုံးတော့
လည်း သူ၏ သီးသန့်ကမ္ဘာလေးထဲမှာအားလုံးကို နှုတ်ဆက် ခဲ့ကာ ထွက်ခွက်သွားခဲ့လေသော အဖြစ်ကို
ချစ်သော သူ တစ်ယောက် သိရှိ နိုင်တော့မည် မဟုတ်တော့ပေ ။








အဝေးက “အမေ”


မမေ့သေးပါ “အမေ” တစ်ကွေ့လေးမှာ

ကျွန်တော် ယိမ်းယိုင်သွားတာ

မမေ့သေးပါ “အမေ” တစ်ငွေ့လေးပါ

ကျွန်တော် မူးယစ်နေခဲ့မိတာ

မမေ့သေးပါ “အမေ” တစ်နေ့လေးမှာ

ကျွန်တော် အသည်းကွဲခဲ့ရတာ

မမေ့သေးပါ “အမေ” တစ်မြည့်မြည့်နဲ့ပေါ့

ကျွန်တော် ကျွမ်းလောင်နေခဲ့ရတာ

မမေ့သေးပါ “အမေ” နေ့တစ်နေ့လေးမှာ

ကျွန်တော် “အမေ့”ဆီပြန်လာခဲ့မှာပါ

လွန်တာရှိဝန္ဒာမိလို့

“အမေ”ရှိရာ စဉ်သာသတိတရနဲ့

မြင်သာမိတာ အကြည်နာပြည့်ဝတဲ့ “အမေ”က

အခုတော့ ကျွန်တော်နဲ့ အဝေးမှာလေ........



MONKEY & TIGER

ကျားကတော့ အကောင်ပေါက်လေးပါ ။ ဒါပေမယ့် မျောက်ရဲ့ သတ္တိ ကတော့ ဒီ video လေးကြည့်ရင် သိမှာပါ ။ မိရင်တော့ အရိုးတစ်ခြား
အသားတစ်ခြား ဖြစ်မှာတော့ သေခြာပါတယ် :P










အပြောင်းအလဲ




နှစ်ဦးတူယှဉ်၊ ဒီအပင်အောက်
ပန်းကြွေကောက်စဉ်၊ ရင်တထိတ်ထိတ်
ဒီအရိပ်မှာ၊ ချစ်စိတ်ဝေခဲ့ဖူးပါတယ်.

သစ်မြစ်ဆုံခွ၊ ယှဉ်ထိုင်ကြရင်း
မြချောင်းရေကြော၊ ပန်းကြွေမျှောမိ
ကြည့်ရင်းကြည်နူး၊ ချောင်းနဖူးမှာ
စိတ်ကူးနုသစ်ခဲ့ဖူးတယ်.

ခင်ကပစ်တော့
ဒီသစ်ပင်အောက်၊ ပန်းမကောက်ချင်
နွမ်းခြောက်သွေ့ဆိတ်၊ ဒီအရိပ်မှာ
လွမ်းစိတ်ရာထောင် ဝေဖူးတယ်.

ခင်မကြင်တော့
ညင်ညင်ရေစီး၊ တမ်းတညည်းဟန်
ခင့်ရယ်သံလား၊ ၀ိုးဝါးထင်မိ
ကြည့်လေရာရာ၊ ဝေဒနာနှင့်
ရေပြာအလှ ကင်းဖူးတယ်.

ဩော်… နှစ်တွေကြာလို့
တစ်ခါတစ်ခေါက်၊ ဒီကိုရောက်လျှင်
တို့ငယ်စဉ်က၊ နှောင်မျှင်တွယ်ရစ်
အချစ်အလွမ်း၊ ဖမ်းစားညှို့ငင်
ဒီသစ်ပင်ကား၊ ချောင်းရေစား၍
ကမ်းပါးပြိုနောက် ပါလေပြီ…

ဒီကပြန်လျှင်၊ ရင်မခုန်တတ်
မလွမ်းတတ်တော့၊ စိတ်ဓာတ်ရင့်ကျက်
ခံစားချက်တို့၊ ပျက်ပြယ်ခဲ့ရ
အနည်ကျပြီ…
ဘ၀ဆိုတာ… ဒါပဲ ခင်…

မောင်စိန်ဝင်း (ပုတီးကုန်း)





အရောင်မဲ့နေသော ဟမ်းချိန်းလေး

“ မောင် ” ကျမ ပေးခဲ့တဲ့ ဟမ်းချိန်းလေးကို မောင့် လက်မှာ အမြဲ ပတ်ထားပေးပါနော် ............


မှတ်မှတ်ရရ ကျွန်တော့် မွေးနေ့ တစ်ရက်မှာ ချစ်သူ က လက်ဆောင်ပစ္စည်းတွေ အမှတ်တရ အဖြစ် ပို့ပေးခဲ့တယ် ။
အဲ့ဒီပစ္စည်းတွေထဲမှာ ဒိုင်ယာရီစာအုပ်လေးတစ်အုပ် ၊ အသည်းပုံ သော့တွဲလေးတစ်တွဲ ၊ ချစ်သူရဲ့ ကာလာဓါတ်ပုံလေးကတစ်ပုံ ၊
ငွေ ဟမ်းချိန်းလေး တစ်ခု နောက်ပြီး စာလေးတစ်စောင် လည်းပါတယ် ။ အဖိုးမတန်ဘူးလို့တော့ ကျွန်တော်မပြောရဲဘူး ။
အဲ့ဒီတန်ဖိုးကို ကျွန်တော်သာ အသိဆုံး ။ မွေးနေ့ ပစ္စည်းတွေထဲက ဒိုင်ယာရီ စာအုပ်လေးကတော့ ကျွန်တော့်စာကြည့်
စာပွဲပေါ်မှာ အခန့်သားနေရာယူလို့ ထားပါတယ် ။ အသည်းပုံ သော့တွဲလေးကတော့ ကျွန်တော့် အခန်းသော့တွေနဲ့အတူ စီးနေကျ
ဆိုင်ကယ်ရဲ့သော့တွေကို ပေါင်းပြီး ခါးမှာ အမြဲချိတ်ထားလို့ သူငယ်ချင်းတွေကတောင် ရောဂါရှိလားလို့ မေးတဲ့အထိ ဖြစ်လာခဲ့ရတယ်။
ဓါတ်ပုံလေးကတော့ ကျွန်တော့် ကွန်ပျူတာထားတဲ့ စားပွဲရဲ့ထောင်လေးမှာ ပေါ့ ။ ဒါပေမယ့် ဟမ်းချိန်းလေးကတော့ ကျွန်တော်နဲ့
အတူတူ ရှိနေခဲ့လို့ ကျွန်တော့်ဘေးမှာ ချစ်သူလေး အမြဲရှိနေတယ်ဆိုတဲ့ အသိလေးနဲ့ ဘယ်သွားသွား သူပါနေတော့တာပေါ့နော် ။
အလုပ်လုပ်တဲ့ အချိန်မှာလည်း သူရှိနေတယ် ၊ ထမင်းစားတဲ့နေရာမှာလည်း သူရှိနေတယ် ။ အဲ့ဒီလို ကျွန်တော်နဲ့ တတွဲတွဲ ရှိနေတတ်တဲ့
ဟမ်းချိန်းလေးက တစ်ရက် အလုပ်ကအပြန် “ ကာဆက် ” ဟိုင်းဝေးပေါ်မှာ ဆိုင်ကယ်မောင်းနေရင်း ကျွန်တော်သတိထားလိုက်မိတယ် ။
နဂိုကတည်းက ဟမ်းချိန်းရဲ့ ကလစ်ကလေးက ချောင်နေတယ် ဘယ်နေ့ ပြုတ်ကျသွားမလဲဆိုတာကို တွေးတွေးပြီး ပူနေမိရင်းက အခု သတိထား
ကြည့်မိလိုက်တော့ ဟမ်းချိန်းလေးမရှိတော့ဘူး ။ ကျွန်တော် ဝမ်းနည်းသွားတယ် ။ အချိန်ကလည်း ည ၁၁နာရီ ကျော်နေပြီ ။
တစ်ယောက်တည်း ရယ်...... ။ ပြန်ရှာဖို့ဆိုတာကလည်း မလွယ်ကူလောက်ဘူး ။ ဘာဖြစ်လို့လဲဆိုတော့ ထွက်လာခဲ့တဲ့ ခရီးကတော်တော်
ဝေးနေပြီဖြစ်တာက တစ်ကြောင်း ။ နောက်ပြီး ဟိုင်းဝေးမှာ လမ်းကြောင်းပြောင်းပြန် ဆိုင်ကယ်ကိုမောင်းပြီး ပြန်ရှာရမှာဖြစ်တာက တစ်ကြောင်း ။
အဲ့ဒါက အန္တရာယ် အများဆုံးပဲလေ.... ဟိုင်းဝေးမှာက ကားတွေ ဆိုင်ကယ်တွေက ကီလို ၁၄၀ ၁၅၀ လောက် အနည်းဆုံး မောင်းနေကြတာ ၊
ကိုယ်က လမ်းကြောင်းပြောင်းပြန် မောင်းပြီး ဟမ်းချိန်းလေးကို ပြန်ရှာရမှာဆိုတော့ နောက်ဆုံး အက်ဆီးဒင့် မဖြစ်ရင်တောင်မှ အနည်းဆုံး
ရဲ ဖမ်းတာတော့ ခံရမယ်ဆိုတာ သိထားလိုက်တယ် ။ ဟမ်းချိန်းလေးက တန်ဖိုးမကြီးပေမယ့် ပြန်ဝယ်လို့မရတဲ့ အရာတွေ
အဲ့ဒီမှာ အများကြီး ၇ှိနေတာမို့ ကျွန်တော် ဆုံးဖြတ်ချက်တစ်ခုကို ချလိုက်တယ် ။ အဲ့ဒါ စွန့်စားခြင်း အလုပ်တစ်ခုပါပဲ ။
ကျွန်တော်ဘာမှ တွေးမနေတော့ဘူး ။ ဆိုင်ကယ်ကို လာရာလမ်းဘက်ကို ပြန်ပြီး ဦးတည်လိုက်တယ် ။ လက်ယာလမ်းတစ်ဘက်ကို ကပ်ပြီး ဆိုင်ကယ်ကို
ဘီးလှိမ့်ယုံလောက်လာဖြေးဖြေးမောင်းရင်း ပျောက်သွားတဲ့ ဟမ်းချိန်းလေးကို ဆိုင်ကယ်မီးရောင် ရေးရေးအောက်မှာ လိုက်ရှာ နေတော့တာပေါ့။
အလုပ်ထဲမှာကျကျန်ခဲ့တာတော့ မဖြစ်နိုင်ဘူး ။ဘာဖြစ်လို့လဲ ဆိုတော့ နောက်ဆုံး အလုပ်ပြီးလို့ အိမ်ပြန်ဖို့ ဆိုင်ကယ်ပေါ် မခွခင် ဂျာကင် အင်္ကျီ
ဝတ်နေတဲ့ အချိန်မှာတောင် ဟမ်းချိန်းလေးကို သတိထားမိသေးတယ် ..အဲ့ဒီအချိန်ထိ သူက ငြိမ်ချက်သားကောင်းကောင်းနဲ့ ရှိနေတုန်း ။ အဲ့ဒီလို
ဟိုင်းဝေးမှာ ဆိုင်ကယ်ဘီးဖြည်းဖြည်းလှိမ့်ပြီး ရှေ့ ၊ ဘေးတစ်ဖက်တစ်ချက် ဆီကို အာရုံစိုက်ရှာနေတုန်းမှာပဲ လျှပ်စီးလတ်သလို မီးရောင် က
ကျွန့်တော့ရင်ခုန်သံတွေကိုပို မြန်သွားစေခဲ့ပါတယ် ။ ဒါပေမယ့် အခုဏ လျှပ်စီး လတ်တဲ့ အရောင်တွေက အပြာရောင် ဖြစ်နေတော့ လှမ်းကြည့်
လိုက်တယ်ဆိုရင်ပဲ အရှေ့မှာ အခန့်သင့်စောင်နေတဲ့ ရဲကားတစ်စီးကိုစိတ်မကောင်းစွာ တွေ့လိုက်ရပါတယ် ။ မတတ်နိုင် ။ ကျွန်တော်လည်း
ဆိုင်ကယ် ကို ရပ်ပေးလိုက်တော့ ဝတ်စုံပြည့် ဝတ်ထားတဲ့ ရဲသား ၂ယောက် ကားထဲက ထွက်လာပါတယ်.။ နောက်ပြီး မလေးဘာသာစကားနဲ့
ကျွန်တော့ဆီိက လိုင်စင် တောင်းပါတယ် ။ မဆိုင်းမတွပဲ ထုတ်ပေးလိုက်တော့
“ မင်းဘာဖြစ်လို့ ဆိုင်ကယ်ကို လမ်းကြောင်း ပြောင်းပြန် စီးလာရတာလဲ ”
ကျွန်တော် စိတ်မကောင်းစွာနဲ့ပဲ
“ ဟမ်းချိန်းတစ်ခု ကျပျောက်သွားလို့ပါ ဆရာ ”
ထို ရဲသား ၂ယောက်မှာ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ပြီး
“ ဟမ်းချိန်း.....ဟုတ်လား ....ဘာဟမ်းချိန်းလဲ ...“ ရွှေ ”ဟမ်းချိန်းလား ”
ကျွန်တော်က “ ငွေ ” ဟမ်းချိန်းဖြစ်တဲ့အကြောင်းပြောပြလိုက်တော့ သူတို့ ၂ယောက်ရဲ့ မျက်နှာက မဲ့ရွဲ့သွားရင်း
“ ဒီိလောက် အန္တရာယ်ရှိတဲ့ ဟိုင်းဝေးလမ်းကြောမှာ ဘာဖြစ်လို့များ
တန်ဖိုးမရှိတဲ့ ဟမ်းချိန်းတစ်ခုကိုလိုက်ရှာနေရတာလဲ ... ပြန်ဝယ်လိုက်ပေါ့ကွာ ”
ကျွန်တော် ခေါင်းကို အတွင်တွင်ခါရမ်းပြီး .... ဒီ ဟမ်းချိန်းလေးဟာ ပြန်ဝယ်လို့ ရနိုင်ပေမယ့် ချစ်သူက ကိုယ့်အပေါ် ထားတဲ့ တန်ဖိုးနဲ့စေတနာ
ကို ဘယ်မှာရှာပြီး ပြန်ဝယ်လို့ ရမလဲလို့ မရဲတရဲနဲ့ မေးလိုက်မိတယ် ။ သူတို့ ၂ယောက် ကြည့်ရတာ စိတ်ရင်းစေတနာကောင်းမယ့်
ပုံ ဆိုတော့ ကျွန်တော်လည်း သူတို့ သနားသွားလောက်အောင် ပြောရတော့တာပေါ့ ။ ဒါကိုသဘောပေါက်သွားတယ်ထင်ပါရဲ့ သူတို့လည်း ကူညီပြီး
ရှာပေးမယ်လို့ ကျွန်တော့်ကို ပြောလာတယ် ...။ ဒါနဲ့ပဲ သူတို့ ၂ယောက်စလုံး ကားပေါ် ပြန်တတ်ပြီး ရဲကားရဲ့ ဝါယာလတ် အချက်ပြမီးကို ဖွင့်ပြီး
ဖြည်းဖြည်းချင်း ကားကို လှိမ့်ယုံလောက်ဖြင့်သာ နောက်ပြန်ဆုတ်ပြီး ကားမီးရောင်နဲ့ ဟမ်းချိန်းလေးကို ရှာစေခဲ့ပါတယ် ။ ရဲကားနဲ့ ကျွန်တော့်
ဆိုင်ကယ် မျက်နှာခြင်းဆိုင်ပြီး ဘီးလှိမ့်ယုံလောက်သာ ရှာနေရင်း ပူချွန်း ( KinRaRa ) လမ်းခွဲအရောက် မြောင်းနှုတ်ခမ်း လေးပေါ်မှာ မေးတင်ပြီး
ကျနေတဲ့ ကျွန်တော့် ဟမ်းချိန်းလေးကို ဝမ်းသာအားရစွာနဲ့ ပြန်တွေ့လိုက်ရတော့တယ် ။ ကျွန်တော့် ဝမ်းသာအားရစွာနဲ့ အောလိုက်တဲ့အသံကြောင့် ကိုရွှေ ရဲသား
၂ ယောက် ကားကို ရပ်ပြီး အပြေးအလွှား ရောက်လာကြပါတယ် ။ သူတို့လည်း စပ်ဖြဲဖြဲ မျက်နှာထားနဲ့ ။ သူတို့လည်း ကျွန်တော်ပျော်လို့ ရောယောင်
ပျော်နေကြလေရဲ့ ။ ဒါနဲ့ပဲ ကျွန်တော် ကျေးဇူးတင်စကားပြောလိုက်ပြီး အိတ်ထဲက ပိုက်ဆံ RM ၅၀ တန် ၂ရွက် ထုတ်ပေးလိုက်တော့ သူတို့
မယူဘူးဆိုတဲ့ အမူအယာမျိုးနဲ့ အတင်းငြင်းကြတယ် ။ ကျွန်တော်ကပဲ တရားဟော ကောင်းခဲ့တာလား ဒါမှမဟုတ် သူတို့ကပဲ တကယ်ကိုချင်းစာ
စိတ်နဲ့ ကူညီခဲ့ကြတာလား ။ ဘာပဲဖြစ်ဖြစ် ကျေးဇူးတင်လွန်းလို့ ပိုက်ဆံ ထုတ်ပေးတာတောင် တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ပြီး
ငြင်းနေလိုက်ကြတာများ တစ်သက်နဲ့ တစ်ကိုယ် တစ်ခါမှ မတွေ့ဖူးဘူး ။ နောက်ဆုံး လ္ဘက်ရည်ဖိုးတော့ ယူသွားပါလို့ အတင်းပြောတော့မှ
RM ၅၀ တန်တစ်ရွက်ပဲယူပြီး ကျွန်တော့်ကို သူတို့ ဖုန်းနံပါတ်တစ်ခုပေးခဲ့တယ် ။ နောက် အကူအညီလိုရင် ဆက်ပါတဲ့ ။ ဘာပဲ ဖြစ်ဖြစ်ပေါ့
အခုလို ကူညီခဲ့တဲ့ သူတို့ကိုတော့ ကျွန်တော် ကျေးဇူးအရမ်း တင်နေမိတော့တယ် ။ သူတို့ ထွက်သွားပြီး ကျွန်တော်လည်း ဟမ်းချိန်းလေးကို
လက်မှာ မပတ်ရဲတော့လို့ အိပ်ထဲ ထည့်ပြီး ဆိုင်ကယ်မောင်းရင်း အိမ်ပြန်လာခဲ့တော့တယ် ။ လမ်းမှာတော့ တွေးနေမိတယ် ။ အခုလို
ဟမ်းချိန်းလေး ပျောက်သွားတာ နမိတ်မကောင်းဘူးဆိုပြီး စိတ်တထင့်ထင့်နဲ့ပေါ့ ။ နောက် ၂ ရက် အကြာမှာ ချစ်သူ ဆီက mail လေးတစ်စောင်
ရောက် လာတယ် ။ ကျွန်တော်အားရဝမ်းသာစွာနဲ့
ဖတ်လိုက်တော့..............

“ မေ့လိုက်ပါ ”

အကြိမ်ကြိမ်စဉ်းစားပြီးမှ ဒီစာကိုရေးလိုက်ပါတယ်..
အရင်ကတည်းကလည်း သိပြီးသားပါ..မဖြစ်နိုင်ဘူးဆိုတာ
ဘယ်လိုမှမဖြစ်နိုင်တော့လို့ အားလုံးကို မေ့လိုက်ပါ..
အမုန်းမရှိပါ..

စာလေးက အရမ်းကို တိုလွန်းပါတယ် ။ ထိချက်ပြင်းလွန်းတဲ့ အဲ့ဒီစာလေးကို နောက်တစ်ခေါက် ထက် ဖတ်ဖို့ ကျွန်တော့်မှာ အင်းအားမရှိတော့ပါ
ဘူး ။ သူ့ဘဝမှာ ကျွန်တော် တကယ်မလိုအပ်တော့ဘူးဆိုတာ သိလိုက်ရတဲ့အချိန်မှာ ဘာဖြေရှင်းချက်တစ်ခုမှ မတောင်းဆိုတော့ပဲ သူနဲ့
အပြီးပိုင် လမ်းခွဲ ခဲ့ကြတာ ဒီနေ့ ဒီအချိန်ထိပါပဲ ။ ဒါပေမယ့် နှစ်တွေအတော်ကြာသွားခဲ့ပေမယ့် အရောင်အဆင်းမဲ့နေတဲ့ ဟမ်းချိန်းလေးကတော့
ကျွန်တော့် လက်ပေါ်မှာ နေရာယူထားစဲပါ ။