this site the web

အရောင်မဲ့နေသော ဟမ်းချိန်းလေး

“ မောင် ” ကျမ ပေးခဲ့တဲ့ ဟမ်းချိန်းလေးကို မောင့် လက်မှာ အမြဲ ပတ်ထားပေးပါနော် ............


မှတ်မှတ်ရရ ကျွန်တော့် မွေးနေ့ တစ်ရက်မှာ ချစ်သူ က လက်ဆောင်ပစ္စည်းတွေ အမှတ်တရ အဖြစ် ပို့ပေးခဲ့တယ် ။
အဲ့ဒီပစ္စည်းတွေထဲမှာ ဒိုင်ယာရီစာအုပ်လေးတစ်အုပ် ၊ အသည်းပုံ သော့တွဲလေးတစ်တွဲ ၊ ချစ်သူရဲ့ ကာလာဓါတ်ပုံလေးကတစ်ပုံ ၊
ငွေ ဟမ်းချိန်းလေး တစ်ခု နောက်ပြီး စာလေးတစ်စောင် လည်းပါတယ် ။ အဖိုးမတန်ဘူးလို့တော့ ကျွန်တော်မပြောရဲဘူး ။
အဲ့ဒီတန်ဖိုးကို ကျွန်တော်သာ အသိဆုံး ။ မွေးနေ့ ပစ္စည်းတွေထဲက ဒိုင်ယာရီ စာအုပ်လေးကတော့ ကျွန်တော့်စာကြည့်
စာပွဲပေါ်မှာ အခန့်သားနေရာယူလို့ ထားပါတယ် ။ အသည်းပုံ သော့တွဲလေးကတော့ ကျွန်တော့် အခန်းသော့တွေနဲ့အတူ စီးနေကျ
ဆိုင်ကယ်ရဲ့သော့တွေကို ပေါင်းပြီး ခါးမှာ အမြဲချိတ်ထားလို့ သူငယ်ချင်းတွေကတောင် ရောဂါရှိလားလို့ မေးတဲ့အထိ ဖြစ်လာခဲ့ရတယ်။
ဓါတ်ပုံလေးကတော့ ကျွန်တော့် ကွန်ပျူတာထားတဲ့ စားပွဲရဲ့ထောင်လေးမှာ ပေါ့ ။ ဒါပေမယ့် ဟမ်းချိန်းလေးကတော့ ကျွန်တော်နဲ့
အတူတူ ရှိနေခဲ့လို့ ကျွန်တော့်ဘေးမှာ ချစ်သူလေး အမြဲရှိနေတယ်ဆိုတဲ့ အသိလေးနဲ့ ဘယ်သွားသွား သူပါနေတော့တာပေါ့နော် ။
အလုပ်လုပ်တဲ့ အချိန်မှာလည်း သူရှိနေတယ် ၊ ထမင်းစားတဲ့နေရာမှာလည်း သူရှိနေတယ် ။ အဲ့ဒီလို ကျွန်တော်နဲ့ တတွဲတွဲ ရှိနေတတ်တဲ့
ဟမ်းချိန်းလေးက တစ်ရက် အလုပ်ကအပြန် “ ကာဆက် ” ဟိုင်းဝေးပေါ်မှာ ဆိုင်ကယ်မောင်းနေရင်း ကျွန်တော်သတိထားလိုက်မိတယ် ။
နဂိုကတည်းက ဟမ်းချိန်းရဲ့ ကလစ်ကလေးက ချောင်နေတယ် ဘယ်နေ့ ပြုတ်ကျသွားမလဲဆိုတာကို တွေးတွေးပြီး ပူနေမိရင်းက အခု သတိထား
ကြည့်မိလိုက်တော့ ဟမ်းချိန်းလေးမရှိတော့ဘူး ။ ကျွန်တော် ဝမ်းနည်းသွားတယ် ။ အချိန်ကလည်း ည ၁၁နာရီ ကျော်နေပြီ ။
တစ်ယောက်တည်း ရယ်...... ။ ပြန်ရှာဖို့ဆိုတာကလည်း မလွယ်ကူလောက်ဘူး ။ ဘာဖြစ်လို့လဲဆိုတော့ ထွက်လာခဲ့တဲ့ ခရီးကတော်တော်
ဝေးနေပြီဖြစ်တာက တစ်ကြောင်း ။ နောက်ပြီး ဟိုင်းဝေးမှာ လမ်းကြောင်းပြောင်းပြန် ဆိုင်ကယ်ကိုမောင်းပြီး ပြန်ရှာရမှာဖြစ်တာက တစ်ကြောင်း ။
အဲ့ဒါက အန္တရာယ် အများဆုံးပဲလေ.... ဟိုင်းဝေးမှာက ကားတွေ ဆိုင်ကယ်တွေက ကီလို ၁၄၀ ၁၅၀ လောက် အနည်းဆုံး မောင်းနေကြတာ ၊
ကိုယ်က လမ်းကြောင်းပြောင်းပြန် မောင်းပြီး ဟမ်းချိန်းလေးကို ပြန်ရှာရမှာဆိုတော့ နောက်ဆုံး အက်ဆီးဒင့် မဖြစ်ရင်တောင်မှ အနည်းဆုံး
ရဲ ဖမ်းတာတော့ ခံရမယ်ဆိုတာ သိထားလိုက်တယ် ။ ဟမ်းချိန်းလေးက တန်ဖိုးမကြီးပေမယ့် ပြန်ဝယ်လို့မရတဲ့ အရာတွေ
အဲ့ဒီမှာ အများကြီး ၇ှိနေတာမို့ ကျွန်တော် ဆုံးဖြတ်ချက်တစ်ခုကို ချလိုက်တယ် ။ အဲ့ဒါ စွန့်စားခြင်း အလုပ်တစ်ခုပါပဲ ။
ကျွန်တော်ဘာမှ တွေးမနေတော့ဘူး ။ ဆိုင်ကယ်ကို လာရာလမ်းဘက်ကို ပြန်ပြီး ဦးတည်လိုက်တယ် ။ လက်ယာလမ်းတစ်ဘက်ကို ကပ်ပြီး ဆိုင်ကယ်ကို
ဘီးလှိမ့်ယုံလောက်လာဖြေးဖြေးမောင်းရင်း ပျောက်သွားတဲ့ ဟမ်းချိန်းလေးကို ဆိုင်ကယ်မီးရောင် ရေးရေးအောက်မှာ လိုက်ရှာ နေတော့တာပေါ့။
အလုပ်ထဲမှာကျကျန်ခဲ့တာတော့ မဖြစ်နိုင်ဘူး ။ဘာဖြစ်လို့လဲ ဆိုတော့ နောက်ဆုံး အလုပ်ပြီးလို့ အိမ်ပြန်ဖို့ ဆိုင်ကယ်ပေါ် မခွခင် ဂျာကင် အင်္ကျီ
ဝတ်နေတဲ့ အချိန်မှာတောင် ဟမ်းချိန်းလေးကို သတိထားမိသေးတယ် ..အဲ့ဒီအချိန်ထိ သူက ငြိမ်ချက်သားကောင်းကောင်းနဲ့ ရှိနေတုန်း ။ အဲ့ဒီလို
ဟိုင်းဝေးမှာ ဆိုင်ကယ်ဘီးဖြည်းဖြည်းလှိမ့်ပြီး ရှေ့ ၊ ဘေးတစ်ဖက်တစ်ချက် ဆီကို အာရုံစိုက်ရှာနေတုန်းမှာပဲ လျှပ်စီးလတ်သလို မီးရောင် က
ကျွန့်တော့ရင်ခုန်သံတွေကိုပို မြန်သွားစေခဲ့ပါတယ် ။ ဒါပေမယ့် အခုဏ လျှပ်စီး လတ်တဲ့ အရောင်တွေက အပြာရောင် ဖြစ်နေတော့ လှမ်းကြည့်
လိုက်တယ်ဆိုရင်ပဲ အရှေ့မှာ အခန့်သင့်စောင်နေတဲ့ ရဲကားတစ်စီးကိုစိတ်မကောင်းစွာ တွေ့လိုက်ရပါတယ် ။ မတတ်နိုင် ။ ကျွန်တော်လည်း
ဆိုင်ကယ် ကို ရပ်ပေးလိုက်တော့ ဝတ်စုံပြည့် ဝတ်ထားတဲ့ ရဲသား ၂ယောက် ကားထဲက ထွက်လာပါတယ်.။ နောက်ပြီး မလေးဘာသာစကားနဲ့
ကျွန်တော့ဆီိက လိုင်စင် တောင်းပါတယ် ။ မဆိုင်းမတွပဲ ထုတ်ပေးလိုက်တော့
“ မင်းဘာဖြစ်လို့ ဆိုင်ကယ်ကို လမ်းကြောင်း ပြောင်းပြန် စီးလာရတာလဲ ”
ကျွန်တော် စိတ်မကောင်းစွာနဲ့ပဲ
“ ဟမ်းချိန်းတစ်ခု ကျပျောက်သွားလို့ပါ ဆရာ ”
ထို ရဲသား ၂ယောက်မှာ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ပြီး
“ ဟမ်းချိန်း.....ဟုတ်လား ....ဘာဟမ်းချိန်းလဲ ...“ ရွှေ ”ဟမ်းချိန်းလား ”
ကျွန်တော်က “ ငွေ ” ဟမ်းချိန်းဖြစ်တဲ့အကြောင်းပြောပြလိုက်တော့ သူတို့ ၂ယောက်ရဲ့ မျက်နှာက မဲ့ရွဲ့သွားရင်း
“ ဒီိလောက် အန္တရာယ်ရှိတဲ့ ဟိုင်းဝေးလမ်းကြောမှာ ဘာဖြစ်လို့များ
တန်ဖိုးမရှိတဲ့ ဟမ်းချိန်းတစ်ခုကိုလိုက်ရှာနေရတာလဲ ... ပြန်ဝယ်လိုက်ပေါ့ကွာ ”
ကျွန်တော် ခေါင်းကို အတွင်တွင်ခါရမ်းပြီး .... ဒီ ဟမ်းချိန်းလေးဟာ ပြန်ဝယ်လို့ ရနိုင်ပေမယ့် ချစ်သူက ကိုယ့်အပေါ် ထားတဲ့ တန်ဖိုးနဲ့စေတနာ
ကို ဘယ်မှာရှာပြီး ပြန်ဝယ်လို့ ရမလဲလို့ မရဲတရဲနဲ့ မေးလိုက်မိတယ် ။ သူတို့ ၂ယောက် ကြည့်ရတာ စိတ်ရင်းစေတနာကောင်းမယ့်
ပုံ ဆိုတော့ ကျွန်တော်လည်း သူတို့ သနားသွားလောက်အောင် ပြောရတော့တာပေါ့ ။ ဒါကိုသဘောပေါက်သွားတယ်ထင်ပါရဲ့ သူတို့လည်း ကူညီပြီး
ရှာပေးမယ်လို့ ကျွန်တော့်ကို ပြောလာတယ် ...။ ဒါနဲ့ပဲ သူတို့ ၂ယောက်စလုံး ကားပေါ် ပြန်တတ်ပြီး ရဲကားရဲ့ ဝါယာလတ် အချက်ပြမီးကို ဖွင့်ပြီး
ဖြည်းဖြည်းချင်း ကားကို လှိမ့်ယုံလောက်ဖြင့်သာ နောက်ပြန်ဆုတ်ပြီး ကားမီးရောင်နဲ့ ဟမ်းချိန်းလေးကို ရှာစေခဲ့ပါတယ် ။ ရဲကားနဲ့ ကျွန်တော့်
ဆိုင်ကယ် မျက်နှာခြင်းဆိုင်ပြီး ဘီးလှိမ့်ယုံလောက်သာ ရှာနေရင်း ပူချွန်း ( KinRaRa ) လမ်းခွဲအရောက် မြောင်းနှုတ်ခမ်း လေးပေါ်မှာ မေးတင်ပြီး
ကျနေတဲ့ ကျွန်တော့် ဟမ်းချိန်းလေးကို ဝမ်းသာအားရစွာနဲ့ ပြန်တွေ့လိုက်ရတော့တယ် ။ ကျွန်တော့် ဝမ်းသာအားရစွာနဲ့ အောလိုက်တဲ့အသံကြောင့် ကိုရွှေ ရဲသား
၂ ယောက် ကားကို ရပ်ပြီး အပြေးအလွှား ရောက်လာကြပါတယ် ။ သူတို့လည်း စပ်ဖြဲဖြဲ မျက်နှာထားနဲ့ ။ သူတို့လည်း ကျွန်တော်ပျော်လို့ ရောယောင်
ပျော်နေကြလေရဲ့ ။ ဒါနဲ့ပဲ ကျွန်တော် ကျေးဇူးတင်စကားပြောလိုက်ပြီး အိတ်ထဲက ပိုက်ဆံ RM ၅၀ တန် ၂ရွက် ထုတ်ပေးလိုက်တော့ သူတို့
မယူဘူးဆိုတဲ့ အမူအယာမျိုးနဲ့ အတင်းငြင်းကြတယ် ။ ကျွန်တော်ကပဲ တရားဟော ကောင်းခဲ့တာလား ဒါမှမဟုတ် သူတို့ကပဲ တကယ်ကိုချင်းစာ
စိတ်နဲ့ ကူညီခဲ့ကြတာလား ။ ဘာပဲဖြစ်ဖြစ် ကျေးဇူးတင်လွန်းလို့ ပိုက်ဆံ ထုတ်ပေးတာတောင် တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ပြီး
ငြင်းနေလိုက်ကြတာများ တစ်သက်နဲ့ တစ်ကိုယ် တစ်ခါမှ မတွေ့ဖူးဘူး ။ နောက်ဆုံး လ္ဘက်ရည်ဖိုးတော့ ယူသွားပါလို့ အတင်းပြောတော့မှ
RM ၅၀ တန်တစ်ရွက်ပဲယူပြီး ကျွန်တော့်ကို သူတို့ ဖုန်းနံပါတ်တစ်ခုပေးခဲ့တယ် ။ နောက် အကူအညီလိုရင် ဆက်ပါတဲ့ ။ ဘာပဲ ဖြစ်ဖြစ်ပေါ့
အခုလို ကူညီခဲ့တဲ့ သူတို့ကိုတော့ ကျွန်တော် ကျေးဇူးအရမ်း တင်နေမိတော့တယ် ။ သူတို့ ထွက်သွားပြီး ကျွန်တော်လည်း ဟမ်းချိန်းလေးကို
လက်မှာ မပတ်ရဲတော့လို့ အိပ်ထဲ ထည့်ပြီး ဆိုင်ကယ်မောင်းရင်း အိမ်ပြန်လာခဲ့တော့တယ် ။ လမ်းမှာတော့ တွေးနေမိတယ် ။ အခုလို
ဟမ်းချိန်းလေး ပျောက်သွားတာ နမိတ်မကောင်းဘူးဆိုပြီး စိတ်တထင့်ထင့်နဲ့ပေါ့ ။ နောက် ၂ ရက် အကြာမှာ ချစ်သူ ဆီက mail လေးတစ်စောင်
ရောက် လာတယ် ။ ကျွန်တော်အားရဝမ်းသာစွာနဲ့
ဖတ်လိုက်တော့..............

“ မေ့လိုက်ပါ ”

အကြိမ်ကြိမ်စဉ်းစားပြီးမှ ဒီစာကိုရေးလိုက်ပါတယ်..
အရင်ကတည်းကလည်း သိပြီးသားပါ..မဖြစ်နိုင်ဘူးဆိုတာ
ဘယ်လိုမှမဖြစ်နိုင်တော့လို့ အားလုံးကို မေ့လိုက်ပါ..
အမုန်းမရှိပါ..

စာလေးက အရမ်းကို တိုလွန်းပါတယ် ။ ထိချက်ပြင်းလွန်းတဲ့ အဲ့ဒီစာလေးကို နောက်တစ်ခေါက် ထက် ဖတ်ဖို့ ကျွန်တော့်မှာ အင်းအားမရှိတော့ပါ
ဘူး ။ သူ့ဘဝမှာ ကျွန်တော် တကယ်မလိုအပ်တော့ဘူးဆိုတာ သိလိုက်ရတဲ့အချိန်မှာ ဘာဖြေရှင်းချက်တစ်ခုမှ မတောင်းဆိုတော့ပဲ သူနဲ့
အပြီးပိုင် လမ်းခွဲ ခဲ့ကြတာ ဒီနေ့ ဒီအချိန်ထိပါပဲ ။ ဒါပေမယ့် နှစ်တွေအတော်ကြာသွားခဲ့ပေမယ့် အရောင်အဆင်းမဲ့နေတဲ့ ဟမ်းချိန်းလေးကတော့
ကျွန်တော့် လက်ပေါ်မှာ နေရာယူထားစဲပါ ။





0 comments:

Post a Comment